ဒေါက်တာ ဆလိုင်းငွန်ကျုံးလျန် သည် Indiana University, Maurer School of
Law မှ Doctor of Juridical Science ဘွဲ့ရရှိပြီးနောက် ဘွဲ့လွန်ပါရဂူ
သုတေသီ (Post-Doctoral Fellow and Post Doctoral Appointee) အဖြစ် ရွေးချယ်
ခန့်အပ်ခြင်း ခံခဲ့ရသူ ဖြစ်သည်။ Indiana University \ Center for
Constitutional Democracy တွင် Co-founder နှင့် Assistant Director
တာဝန်များကို ထမ်းဆောင်ခဲ့ပြီးနောက် ယခုအခါ Myanmar Peace Center ၏ Legal Support Office တွင် ဥပဒေအကြံပေးအဖြစ် တာဝန်ထမ်းဆောင်နေသူ ဖြစ်သည်။
Voice : အခု မြန်မာ့နိုင်ငံရေးလောကမှာရော၊ သာမန်လူတွေအကြားမှာရော ပီအာ
(အချိုးကျကိုယ်စား ပြုခြင်း) စနစ်နဲ့ပတ်သက်ပြီး ပြောဆို၊ ဝေဖန်၊ သုံးသပ်
နေကြပါတယ်။ ပီအာအကြောင်းကို ထဲထဲဝင်ဝင်သိတဲ့ သူထက် သိပ်မသိဘဲ
ပြောနေကြတာများနေတဲ့အတွက် ဆရာကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေ ဘာသာရပ်နဲ့
ပတ်သက်လို့ရော၊ ရွေးကောက်ပွဲစနစ်တွေနဲ့ပတ်သက် လို့ရော ကျွမ်းကျင်တဲ့
ဥပဒေပညာရှင်တစ်ယောက် ဆိုတော့ ပီအာကျင့်သုံးသင့်တယ်၊ မကျင့်သုံးသင့်တယ်
ဆိုတာ အသာထားပြီး ပထမဦးဆုံးအနေနဲ့ ပီအာကို သာမန်လူတွေ နားလည်အောင်
နည်းနည်းလောက် ရှင်းပြပါလားဆရာ။
Dr. SNCL : ကျေးဇူးတင်ပါတယ်ဆရာ။
ကျွန်တော် ဆရာ့မေးခွန်းတွေ မဖြေခင်မှာ ကြိုတင် ပြောကြားလိုတာ ရှိပါတယ်။
ကျွန်တော် လက်ရှိ Myanmar Peace Centerမှာ ဥပဒေအကြံပေး တာဝန်ထမ်းဆောင်
နေပေမယ့် ကျွန်တော့် ဖြေကြားချက်တွေဟာ MPC နဲ့ သက်ဆိုင်ခြင်း မရှိပါဘူး။
ကျွန်တော့် ပုဂ္ဂိုလ်ရေး အမြင်၊ သုံးသပ်ချက်၊ ဝေဖန်ချက်တွေပဲ ဖြစ်ပါတယ်။
ပီအာဆိုတဲ့ (Proportional Representation) ကို အထူးတလည် ရှင်းပြစရာ
မလိုဘူးလို့ ယူဆပါတယ်။ အသည်းကြားက မဲတစ်ပြားကို ရွေးကောက်ပွဲတွေမှာ
မဲပေးသူတိုင်း ‘အချိုးကျ ကိုယ်စားပြုမှု/ခြင်း’ အများဆုံး ရရှိစေမယ့်
မဲပေးခြင်းစနစ် များစွာထဲက တစ်ခုဖြစ်ပါတယ်။ ပီအာကို ကျင့်သုံးရင်တောင်မှ
မဲပေးတဲ့ သူတွေရဲ့ မဲအများဆုံး ရတဲ့သူတွေက ဆုံးဖြတ်ချက်ကို ချနိုင်တဲ့
အခွင့်အရေး ရရှိစေမှာ ဖြစ်သလို မဲအများဆုံး မရရှိတဲ့သူတွေက ၎င်းတို့ကို
မဲပေးသူတွေအား ရရှိသင့် ရရှိထိုက်တဲ့ မဲအချိုးအစားအလိုက် ကိုယ်စားပြုခွင့်
ရရှိစေမယ့်စနစ် ဖြစ်ပါတယ်။ ပီအာဆိုတာ ဒါပါပဲ။ တစ်ဆက်တည်းမှာပဲ
ပီအာစနစ်ဆိုတာ တစ်ခုတည်း ရှိတာမဟုတ်ပါဘူး။ မတူညီတဲ့ ပီအာစနစ်တွေ
များစွာရှိပေမယ့် အခြေခံ သဘောတရားကတော့ အချိုးအကျဆုံး ကိုယ်စားပြုမှုကို
ဖြစ်ထွန်းစေတဲ့ မဲပေးခြင်းစနစ် တစ်ခုဖြစ်ပါတယ်။
Voice :
နောက်တစ်ခုက ဆရာလည်း သိတဲ့အတိုင်း မြန်မာပြည်မှာက လူထုအများစုက
လေးစားကြည်ညိုတဲ့ သူတွေပြောရင် အများစု လက်ခံတတ်ကြတယ်။ သူတို့ထောက်ခံ၊
ကန့်ကွက်ရင်လည်း ဒီလိုပဲ။ အဲတော့ ပီအာကိစ္စမှာလည်း အင်န်အယ်လ်ဒီ အပါအဝင်
တိုင်းရင်းသား ပါတီတချို့က ဒီစနစ်ကျင့်သုံးရင် ရွေးကောက်ပွဲ ကျင်းပတဲ့အခါ
ရှုပ်ထွေးမှုတွေ ဖြစ်မယ်၊ သူတို့ပါတီအပေါ် ထောက်ခံနေတဲ့ မဲတွေကို
ပြန့်ကျဲသွားအောင် လုပ်တယ်၊ ကြံ့ခိုင်ရေးပါတီက ၂၀၁၅ မှာ အများစု
နိုင်ခြေမရှိလို့ ဒီစနစ်ကို တစ်ဖက်လှည့်နဲ့ တင်သွင်းတယ်၊ ဖွဲ့စည်းပုံ
အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ကြိုးစားနေချိန်မှာ ရှုပ်ထွေးသွားအောင် လုပ်တယ်
အစရှိတဲ့ အချက်တွေကို မူတည်ပြီး ပီအာကို ကန့်ကွက်နေပါတယ်။ ဆရာ့အနေနဲ့
အဲဒီလိုအမြင်တွေနဲ့ ကန့်ကွက်မှုတွေ အပေါ်မှာရော ဆရာဘယ်လို သုံးသပ်မိပါသလဲ။
Dr. SNCL : အိမ်စာကောင်းကောင်း မလုပ်တဲ့ ကျောင်းသား၊ ကျောင်းသူတွေက ဆရာ၊
ဆရာမတွေ ရှေ့မှာ ဆင်ခြေဆင်လက် အများဆုံး ပေးတတ်ကြပါတယ်။ ပြည်ထောင်စု
မြန်မာနိုင်ငံမှာဖြစ်ဖြစ်၊ အခြားဘယ်နိုင်ငံမှာဖြစ်ဖြစ် လူတစ်ဦး
တစ်ယောက်ကို ကြည်ညို လေးစားတာနဲ့ သူပြောသမျှကို လိုက်ယောင်
လိုက်လုပ်တယ်ဆိုတာ ကိုယ်ပိုင် အသိဉာဏ်အပေါ် အခြေခံတဲ့ ဆုံးဖြတ်ချက်
မချမှတ်နိုင်တဲ့ အခါမျိုးမှာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်မယ် ယူဆတဲ့
အခြားလူ အပေါ်မှာ မှီခိုတဲ့ ဓလေ့တစ်ခု ဖြစ်ပါတယ်။ ဒီနေ့ ကျွန်တော်
သိသလောက်ကတော့ အိမ်စာကောင်းကောင်း မလုပ်ဘဲ ပီအာကိစ္စ ပြောဆိုနေသူတွေက
ဒီတိုင်းပြည်မှာ များနေပါတယ်။
ပီအာစနစ်ဆိုတာ ပါတီတစ်ခုကို
ထောက်ခံနေတဲ့မဲတွေ ကွဲပြဲသွားအောင် ရည်ရွယ်ချက်နဲ့ ဖန်တီးလိုက်တဲ့စနစ်
မဟုတ်ပါဘူ။ မဲပေးသူတိုင်း ပေးလိုက်တဲ့မဲရဲ့ ထိုက်တန်တဲ့ ခံစားခွင့်
မျှမျှတတ ရရှိရေး အများဆုံး ဖြစ်အောင် လိုလားသူတွေက ဖန်တီး
ကျင့်သုံးလိုက်တာပါ။ ဒီလိုပြောနိုင်တာကလည်း ကမ္ဘာမှာ ပီအာစနစ်ကို
ကျင့်သုံးတဲ့ တိုင်းပြည်က FPTP ကို ကျင့်သုံးတဲ့ တိုင်းပြည်ထက်
ပိုများတယ်ဆိုတဲ့ အချက်က သက်သေပြနေပါတယ်။ ပီအာစနစ် မကျင့်သုံးတိုင်း
ရွေးကောက်ပွဲ နောက်ပိုင်းမှာ တည်ငြိမ်မှု ရှိတယ်ဆိုတာ အထောက်အထားလေး
ပြနိုင်ဖို့ လိုပါတယ်။ ပီအာသုံးပြီး နှစ်ပေါင်းများစွာ အေးချမ်းသာယာတဲ့
တိုင်းပြည် တည်ဆောက်တဲ့ တိုင်းပြည်တွေ အများကြီးရှိတာ လူတိုင်းအသိ
ဖြစ်ပါတယ်။ လာမယ့် ရွေးကောက်ပွဲတွေမှာ ပီအာစနစ် မကျင့်သုံးလို့ တိုင်းပြည်
ကမောက်ကမ ဖြစ်မယ်ဆိုပြီး ပြောဆိုလှုပ်ရှား နေသူတွေအနေနဲ့ ပီအာစနစ်
သဘောသဘာဝကို ကျေညက်အောင် ဖတ်ရှုလေ့လာ နားလည်ထားဖို့ လိုတယ်လို့ ယူဆပါတယ်။
နောက်တစ်ချက်က လာမယ့် ရွေးကောက်ပွဲတွေမှာ ပါတီတစ်ခုက အပြတ်အသတ်
အနိုင်ရမှာကို ကြောက်တဲ့ သူတွေက ပီအာကို ထွက်ပေါက်တစ်ခု အနေနဲ့
အခြားပါတီတွေက အသုံးချနေတယ်ဆိုပြီး ပြောဆိုနေသူတွေကလည်း မြန်မာနိုင်ငံ
လွတ်လပ်ရေး နောက်ပိုင်း ရွေးကောက်ပွဲ ရလဒ်တွေနဲ့ နိုင်ငံရေး ဖြစ်စဉ် တွေကို
သေချာလေ့လာ သုံးသပ်ဖို့ လိုပါတယ်။ FPTP မဲပေးတဲ့စနစ်ကို လွတ်လပ်ရေး
ရရှိပြီးနောက် ကျင့်သုံးခဲ့တဲ့အတွက် မဲပေးခွင့်ရှိသူ ၁၀၀ ရာခိုင်နှုန်းထဲက
၆၄ ရာခိုင်နှုန်းကျော် မဲရရှိခဲ့ပေမယ့် အမတ်နေရာ ၉၅ ရာခိုင်နှုန်းကျော်
ရခဲ့လို့ တိုင်းပြည် နစ်နာခဲ့တဲ့သမိုင်း၊ မဲဆန္ဒရှင် စုစုပေါင်း ၅၉
ရာခိုင်နှုန်းကျော်ရဲ့ မဲရရှိခဲ့ပေမယ့် အမတ်နေရာ ၈၀ ဒသမ ၈၂ရာခိုင်နှုန်းကျော်
ရရှိခဲ့လို့ ပဋိပက္ခ ကြာရှည်ခဲ့တဲ့သမိုင်း၊ မဲဆန္ဒရှင် ၆၇ ရာခိုင်နှုန်း
ကျော်ရဲ့ မဲရရှိခဲ့ပေမယ့် အမတ်နေရာ ၉၉ ရာခိုင်နှုန်း ကျော်ရရှိပြီး
လွှတ်တော်မှာ မည်မည်ရရ ပြည်သူအတွက် ဘာမှမလုပ်ဆောင်ခဲ့တဲ့ အဖြစ်တွေကို ပကတိ
အနေအထားအတိုင်း လေ့လာသုံးသပ်ပြီးမှ ပီအာကောင်းခြင်း မကောင်းခြင်းကို
သုံးသပ်ဝေဖန်လို့ ရပါတယ်လို့ ယူဆပါတယ်။
Voice :
မြန်မာ့နိုင်ငံရေးမှာ ဆရာသိတဲ့အတိုင်းပဲ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ၅၉
(စ)၊ ၄၃၆ ပြင်ဆင်ရေး ထောက်ခံ/ကန့်ကွက်မှုတွေ၊ ၂၀၁၄ ကြားဖြတ် ရွေးကောက်ပွဲ
မဲဆွယ်စည်းရုံးခွင့် ကန့်သတ်ချက်ကိစ္စ၊ အပစ်အခတ် ရပ်စဲရေးအတွက် ငြိမ်းချမ်း
ရေးဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး ကွဲလွဲတဲ့အမြင်၊ သုံးသပ်ချက်တွေ၊ ဖွဲ့စည်းပုံ
အခြေခံဥပဒေ ပြင်ဆင်ရေး လူထုလှုပ်ရှားမှုတွေ၊ လက်မှတ်ရေးထိုး
စည်းရုံးမှုတွေနဲ့ ရှုပ်ထွေးနေတဲ့အချိန် လွှတ်တော်ထဲမှာ နေရာအများစု ရထားတဲ့
အာဏာရလို့ ပြောရမယ့် ကြံ့ခိုင်ရေးပါတီနဲ့ တပ်မတော်သား လွှတ်တော်
ကိုယ်စားလှယ်တွေရဲ့ သဘောတူညီမှုနဲ့ ပီအာစနစ် ကျင့်သုံးရေးအဆိုကို လွှတ်တော်
နှစ်ရပ်စလုံးက လက်ခံလိုက်တဲ့အပေါ် ဘယ်လိုများ မြင်ပါသလဲခင်ဗျ။
Dr.
SNCL : ပုဒ်မ ၅၉၊ ပုဒ်မ ၄၃၆ စတဲ့ ကိစ္စတွေအတွက် လှုပ်ရှားမှုတွေ လုပ်ကြတာ ၂၀၀၈
ဖွဲ့စည်းပုံအရ နိုင်ငံသား ဖြစ်သူတိုင်း ဥပဒေနဲ့အညီ လုပ်ပိုင်ခွင့်ရှိတဲ့
ကိစ္စတွေပါ။ မှားတယ် မှန်တယ် ကျွန်တော့်အနေနဲ့ ပြောလို့ မရပါဘူး။ ဒါပေမဲ့
ယထာဘူ တကျကျ ပြောရမယ်ဆိုရင် ၄၃၆ လက်မှတ်ရေးထိုးတဲ့ ငါးသန်းကို ကျွန်တော်
ရိုးသားစွာ မေးလိုပါတယ်။ အဲဒီ ငါးသန်းကျော်ထဲက ဘယ်နှယောက်ကများ ၂၀၀၈
ဖွဲ့စည်းပုံ အခြေခံဥပဒေကို အစအဆုံးဖတ်ပြီး ၄၃၆ ကို ပြင်ဖို့ လက်မှတ်
ရေးထိုးကြသလဲ ဆိုတဲ့အချက်ပါ။ ၂၀၀၈ ဖွဲ့စည်းပုံကို ပြန်ကြားရေး ဝန်ကြီးဌာနက
ပုံနှိပ်ထုတ် ဝေထားတာ ကျွန်တော် သိသလောက် အုပ်ရေ ၄၀၀၀၀ လောက်ပဲ ရှိပါတယ်။
အင်တာနက်ထဲမှာ တင်ထားတဲ့ ဟာကို ဖတ်ပါတယ်ဆိုပြီး ပြောသူတွေလည်း ရှိပါ တယ်။
ဒီလောက် အင်တာနက် ကော်နက်ရှင် မကောင်းသေးတဲ့ တိုင်းပြည်မှာ
လူဘယ်နှယောက်ကများ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အင်တာနက်ထဲက
ဒေါင်းလုပ်လုပ်ပြီး အစအဆုံး ဖတ်ကြသလဲ။ မြန်မာနိုင်ငံမှာ မဲပေးခွင့်ရှိသူ
၂၀၀၈ ပြည်သူ့ဆန္ဒ ခံယူပွဲ မှတ်တမ်းများနဲ့ ၂၀၁၀ ရွေးကောက်ပွဲ မှတ်တမ်းများအရ
သန်း ၃၀ ကျော်ပါတယ်။ သန်း ၃၀ ကျော်တဲ့ မဲပေးခွင့် ရှိသူတွေကြားမှာ အုပ်ရေ
၄၀၀၀၀ ကို ဝေကြည့်လိုက်ပါ။ သက်ဆိုင်ရာ ဝန်ကြီးဌာနကိုလည်း စိတ်တိုမိပါတယ်။
ဒီနေရာမှာ ကိုယ်တွေ့ အဖြစ်အပျက်လေးတချို့ ပြောပြလိုပါတယ်။ မုံရွာ၊ မန္တလေး၊
တောင်ကြီးမြို့တွေ က နိုင်ငံရေး တက်ကြွသူ လူငယ်လူကြီး ၁၀၀၀ ကျော်နဲ့
တွေ့ခဲ့ဖူးပါတယ်။ ဘယ်နှယောက်က ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အစအဆုံး
ဖတ်ဖူးသလဲ၊ သုံးသပ်ဖူးသလဲ၊ ဆန်းစစ်ဖူးသလဲဆိုပြီးမေးတော့ ၁၅ ယောက် ၂၀ ယောက်
မကျော်ပါဘူး။ ၄၃၆ ပြင်ဆင်ရေး ဘယ်နှယောက်က လက်မှတ် ရေးထိုးကြသလဲလို့
မေးမြန်းခဲ့ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံကို အစအဆုံး မဖတ်ခဲ့ပေမယ့်
ထိုးခဲ့တဲ့သူတွေက ပိုများပါတယ်။ ဒီဟာကြီးက ကျွန်တော့်အတွက်တော့
စိုးရိမ်စရာကြီး ဖြစ်နေပါတယ်။
ငြိမ်းချမ်းရေး ဖြစ်စဉ်နဲ့
ပတ်သက်ပြီးတော့ ကျွန်တော်လည်း ပါဝင်လာခဲ့တဲ့အတွက် သုံးနှစ်တာ ကာလအတွင်း
တိုးတက်မှုတွေကို အဆင့်ဆင့် ကိုယ်တွေ့ သိမြင်လာခဲ့ပါတယ်။ လွန်ခဲ့တဲ့
သုံးနှစ်တာ အတွင်းမှာ အစိုးရ ကိုယ်စားပြုတဲ့ ခေါင်းဆောင်တွေနဲ့
တိုင်းရင်းသား လက်နက်ကိုင်တွေကို ကိုယ်စားပြုတဲ့ ခေါင်းဆောင်တွေ အကြားမှာ
အစည်းအဝေးပေါင်း ၃၀၀ နီးပါး ပြုလုပ် ခဲ့ကြပြီးမှ ဒီအခြေအနေကို
ရောက်ရှိနိုင်တာ ဖြစ်ပါတယ်။ လွှတ်တော်အမတ် ဦးခက်ထိန်နန် ပြောခဲ့သလိုပဲ
“ယခင်က ယုံကြည်မှု မရှိခဲ့လို့ နိုင်ငံခြား တိုင်းပြည်တွေမှာ ငြိမ်းချမ်းရေး
ရရှိရေး ဆွေးနွေးပွဲတွေ လုပ်ခဲ့ကြတယ်။ နောက်တစ်ဆင့် နယ်စပ်တွေမှာ
လုပ်ခဲ့ကြတယ်။ နောက်တစ်ဆင့် တိုင်းဒေသကြီးနဲ့ ပြည်နယ် မြို့တော်တွေမှာ
လုပ်ခဲ့ကြတယ်။ အခုတော့ ရန်ကုန်မှာ လွတ်လွတ်လပ်လပ် လုပ်နိုင်တဲ့အဆင့်
ရောက်လာတယ်။” ဒါတွေဟာ လက်တွေ့ပါဝင်မှ တန်ဖိုး မှန်မှန်ကန်ကန် ဖြတ်နိုင်မယ့်
ကိစ္စတွေ ဖြစ်ပါတယ်။ သဘောမတူ ညှိနှိုင်းစရာ အချက် ၁၃၀ ကျော်ကနေ၊ ၁၀၀ လောက်
သဘောတူအောင် ညှိနှိုင်းခဲ့ကြတယ်။ ကျန်တဲ့ ၃၀ လောက်ကနေ ငါးခုလောက်
ညှိဖို့ကျန်ရှိနေတဲ့ အနေအထား ရောက်လာတယ်။ ငြိမ်းချမ်းရေး ဖြစ်စဉ်ကိစ္စ
တကယ်ပါဝင်မှ တကယ်သိနိုင်တာပါ။ ဖြစ်စဉ်၊ တိုးတက်မှုတွေနဲ့ ပတ်သက်ပြီး
အငြင်းပွားစရာ မရှိပါဘူး။
လွှတ်တော်ထဲက ကိုယ်စားလှယ် အများဆုံး
နေရာရရှိထားတဲ့ ပြည်ခိုင်ဖြိုးနဲ့ တပ်မတော်သား ကိုယ်စားလှယ်များက
ပီအာစနစ်ကို ကျင့်သုံးဖို့ ထောက်ခံတယ်ဆိုတာ အကြောင်းအမျိုးမျိုး ရှိမှာပါ။
ကျွန်တော်က ပြည်ခိုင်ဖြိုး ပါတီဝင်လည်းမဟုတ်၊ တပ်မတော်သား ကိုယ်စားလှယ်လည်း
မဟုတ်ဆိုတော့ အတွင်းကိစ္စ မသိပါဘူး။ ဒါပေမဲ့ ကျွန်တော်သိတာက ပီအာစနစ်ကို
ကျင့်သုံးရန် ထောက်ခံခြင်းဟာ ‘Tyranny of Majority’ လို့ လူသိများတဲ့
လူအုပ်ကြီး ခြယ်လှယ်မှုစနစ်ကို ဆန့်ကျင်လို့ ထောက်ခံကြတာ ဖြစ်မယ်ဆိုတဲ့
ပီအာစနစ် အခြေခံ ယူဆချက် ဖြစ်ပါတယ်။ FPTP စနစ်ကို ကျင့်သုံးပြီး
အနိုင်ရသွားလို့ လွှတ်တော်မှာ ဖြစ်ဖြစ်၊ အုပ်ချုပ်ရေးမှာဖြစ်ဖြစ်၊
တရားစီရင်ရေးမှာ ဖြစ်ဖြစ် ဗိုလ်ကျလိုစိတ် မရှိတဲ့လူတွေက ပီအာစနစ်ကို
ကျင့်သုံးဖို့ လိုလားကြတာ ဖြစ်မှာပါ။ အသည်းကြားက မဲတစ်ပြားပေးကြတဲ့
မဲဆန္ဒရှင်တိုင်းရဲ့ မဲတန်ဖိုးကို လေးစားတဲ့သူတိုင်းက ပီအာစနစ်ကို
ကြိုက်နှစ်သက်ကြတယ်။ ဒါဟာ ပီအာစနစ်ရဲ့ အနက်ရှိုင်းဆုံးသော တန်ဖိုးဖြစ်ပါတယ်။
ဥပမာအနေနဲ့ ပြောရရင် ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲမှာ မဲထည့်တဲ့သူ
အားလုံးရဲ့ ၄၀ ရာခိုင်နှုန်း နီးပါးဟာ လွှတ်တော်မှာ ကိုယ်စားပြုမှု
ဆုံးရှုံးခဲ့ကြပါတယ်။ သူတို့တစ်တွေ လိုလားချက်၊ တောင့်တချက်၊
လိုအပ်ချက်တွေကို လွှတ်တော်ကနေ ကိုယ်စားပြု ပြောဆိုပေမယ့် လူတွေကို ယနေ့
ကျင့်သုံးနေတဲ့ ရွေးကောက်ပွဲ စနစ်ကြောင့် ဆုံးရှုံးသွားခြင်း ဖြစ်ပါတယ်။
မဲသာ ပေးလိုက်ရတယ်။ ၂၀၁၂ ကနေ ၂၀၁၅ အထိ ပါးစပ်ပိတ်ပြီး နေကြရမယ်။ ဒါဟာ FPTP
စနစ်ရဲ့ အားနည်းချက်ပါ။
Voice : ဆရာ့အနေနဲ့ကော ပီအာစနစ်ကို
ကျင့်သုံးသင့်တယ် ဒါမှမဟုတ် မကျင့်သုံး သင့်သေးဘူးလို့ ထင်ပါသလား၊
ကျင့်သုံး သင့်တယ်လို့ထင်ရင် ဒါမှမဟုတ် မကျင့်သုံးသင့်သေးဘူးလို့
ထင်ရင်လည်း ဘာ့ကြောင့် များပါလဲခင်ဗျ။
Dr. SNCL : ဆရာ့မေးခွန်းမှာ
‘မကျင့်သုံးသင့်သေးဘူးလို့ ထင်ပါသလား’ ဆိုတဲ့ စာကြောင်းမှာ ‘ဒသေးဘူးလား’
ဆိုတဲ့ ဝေါဟာရက တော်တော့်ကို အရေးကြီးပါတယ်။ ကျင့်သုံးသင့် မသင့်ဆိုတာ
အထက်က ကျွန်တော့် ဖြေကြားချက်တွေမှာ ရှင်းလင်းပြီးသား ဖြစ်ပါတယ်။
အသည်းကြားက မဲတစ်ပြားပေးခွင့်ရှိတဲ့ နိုင်ငံသား တိုင်းကို မျှမျှတတ
ကိုယ်စားပြုနိုင်တဲ့ စနစ်ဖြစ်တဲ့အတွက် ကျင့်သုံးရမှာ ဖြစ်ပါတယ်။
‘မကျင့်သုံးသင့်သေးဘူးလား’ ဆိုတော့လည်း ဟုတ်ပါတယ်။ Proportional
Repretation (PR) နဲ့ Permanent Resident (PR) ဆိုတဲ့ အတိုကောက် PR
နှစ်ခုကို ရောထွေးနေတဲ့ ပြည်ထောင်စု မြန်မာနိုင်ငံမှာ ပီအာကို
ကျင့်သုံးဖို့ အထူးကြိုးစားရဦးမှာ ဖြစ်ပါတယ်။ ၁၉၆၂ က သေဆုံးသွားတဲ့
ဒီမိုကရေစီစနစ်ဟာ ၂၀၁၀ မှ လူပြန်ပြီး မွေးလာတာပါ။ အခုမှ ၃ နှစ်သား အရွယ်ပဲ
ရှိပါသေးတယ်။ ၂၀၁၅ ရွေးကောက်ပွဲကလည်း အလွန်နီးနေပြီ။ နိုင်ငံလုံးဆိုင်ရာ
အပစ်အခတ်ရပ်စဲ ရေးလက်မှတ်ထိုး၊ နိုင်ငံရေးဆွေးနွေးမှု မူဘောင်တွေ ချမှတ်၊
နှစ်ပေါင်း ၆၀ ကျော်ကြာတဲ့ ပဋိပက္ခကို နိုင်ငံရေး ဆွေးနွေးပွဲများမှ
ကုထုံးရှာဆိုတဲ့ ကိစ္စကလည်း ရှိသေးဆိုတော့ အချိန်တိုတို အတွင်းမှာ PR ကို
မဲပေးခွင့်ရှိသူ သန်း ၄၀ ကျော် နိုင်ငံသားများအနေနဲ့ အကြွင်းမဲ့
နားလည်အောင် လုပ်ဖို့ဆိုတာလည်း မလွယ်ပါဘူး။
ဒါပေမဲ့ ပီအာစနစ်ကို
ကျင့်သုံးနိုင်ရေး အခုကတည်းက စတင်ပြီး လုပ်ဆောင်ဖို့ အားလုံးမှာ တာဝန်
ရှိပါတယ်။ ၂၀၁၅ မှာ ကျင့်သုံးဖို့ အဆင်သင့်မဖြစ်တောင် မှ ၂၀၂၀၊ ၂၀၂၅၊ ၂၀၃၀
လောက်မှာ ကျင့်သုံးဖို့ အခုကတည်းက စတင်လုပ်ဆောင်သင့်ပါတယ်။
Voice :
ဝိဝါဒ သိပ်ကွဲလွဲနေတဲ့ ပီအာစနစ်ကို ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့
အန်အယ်လ်ဒီရဲ့သဘောထားကြောင့် သိတဲ့အတိုင်း ဒေါ်အောင်ဆန်းစုကြည်ကို
လေးစားကြည်ညို ထောက်ခံကြတဲ့ ပြည်သူ အများစုကလည်း မကြိုက်နှစ်သက် ကြတဲ့သဘော
တွေ့ရပါတယ်။ လက်ရှိ အခြေအနေမှာ ရေရှည်ကောင်း ဖို့အတွက် ပီအာစနစ်
ကျင့်သုံးသင့်တယ်ဆိုရင်တောင် ဒီလို ပြည်သူလူထုအများစုက သဘောမတူတဲ့ကြားထဲ က
လက်တွေ့ ကျင့်သုံးလိုက်ရင် နှစ်ဖက်ထိပ်တိုက် ရင်ဆိုင်တာတွေ
ဖြစ်မလာနိုင်ဘူးလား ခင်ဗျ။ ဆရာ့ အတွေ့အကြုံနဲ့ သီအိုရီသဘောနဲ့
သုံးသပ်ပေးပါလား။
Dr. SNCL : ပခုက္ကူမှာ ဒေါ်အောင်ဆန်းစုကြည်ကို
ပီအာစနစ်ကိစ္စနဲ့ ပတ်သက်ပြီးမေးတဲ့ မေးခွန်းအပေါ် ဒေါ်အောင်ဆန်းစုကြည်
ဖြေဆိုတဲ့အသံ ဖိုင်တွဲ ကို ကျွန်တော် လေ့လာ သုံးသပ်ခဲ့ပါတယ်။ ကျွန်တော်
ထင်တာကတော့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က မသဲမကွဲ ဖြစ်နေတယ်လို့
ယူဆပါတယ်။ ပီအာဆိုတာ အဖြူမှန်းမသိ၊ အမည်းမှန်း မသိသေးတဲ့ ပြည်သူတေ ကို
လက်ထဲလွှဲချလိုက်တာနဲ့ ကျွန်တော်တို့ ရင်ဆိုင်နေရတဲ့ ပြဿနာ ပြီးသွားမှာ
မဟုတ်ပါဘူး။ တစ်ဖက်မှာလည်း သူမက မကြိုက်တဲ့ဘ က်ကနေ ပြောသွားတော့ သူ့ကို
ယုံကြည်အားကိုး မျှော်လင့်နေတဲ့ လူတွေတချို့က ပီအာစနစ်အကြောင်း ဂဃနဏ
မသိပေမယ့် ဒေါ်အောင်ဆန်းစုကြည်ကို ယုံကြည်စိတ်ချတဲ့အတွက် ပီအာကို
ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ ဖြစ်နေတယ်လို့ပဲ သုံးသပ်ပါတယ်။ ကျွန်တော်
မှားနိုင်ပါတယ်။ ဒုတိယအချက်ကတော့ ဒီမိုကရေစီ ရေကန်ကြီးထဲမှာ အားလုံးက
ရေကစားနေကြတော့ ထိပ်တိုက် ရင်ဆိုင်မှုတွေ၊ ပွတ်တိုက်မှုတွေ၊
ထိမိခိုက်မိခြင်းတွေ ရှိနိုင်ပါတယ်။ ဒီမိုကရေစီ သဘောသဘာဝ ဖြစ်ပါတယ်။
ဒါပေမဲ့ ဒီမိုကရေစီ သဘောသဘာဝ ဖြစ်တဲ့အတိုင်း ဒီမိုကရေစီ နည်းကျကျ
နှစ်ဖက်ညှိနှိုင်းပြီးတော့ အမျိုးသား အကျိုးစီးပွား (National Interest)
ကိုရှေ့ထား၊ ပါတီမျက်နှာကို၊ ပုဂ္ဂလိကအကျိုးကို နောက်ထား နိုင်ငံသားအားလုံး
ပူးပေါင်း အဖြေရှာတတ်ကြဖို့ပဲ လိုအပ်ပါတယ်။ ကျွန်တော်တို့ ဒီမိုကရေစီ
ရေကန်ကလည်း သိပ်မကျယ်၊ နက်လည်းမနက်၊ နေကလည်း ပူ၊ ရေကူးလိုသူကများတော့
လက်ရှိ ကြုံတွေ့နေတာတွေက သိပ်ပြီး ထူးဆန်းတာ မဟုတ်ပါဘူး။
Voice :
လက်ရှိ မြန်မာ့နိုင်ငံရေး အခြေအနေအရ အန်အယ်လ်ဒီနဲ့ တိုင်းရင်းသား ပါတီတွေ
နားလည်ထားတဲ့ ပီအာစနစ်နဲ့ လက်တွေ့ကျင့်သုံးဖို့ ပြင်နေတဲ့ ပီအာစနစ်
ကွဲပြားမှုရှိသလားဗျ။
Dr. SNCL : အားမနာစတမ်း ပြောရရင် NLD
ဖြစ်ဖြစ်၊ တိုင်းရင်းသား ပါတီများဖြစ်ဖြစ်၊ တခြားပါတီတွေဖြစ်ဖြစ် ပီအာနဲ့
ပတ်သက်လာရင် စမ်းတဝါးဝါး ဖြစ်နေတယ်လို့ ယူဆပါတယ်။ အားလုံးကိုတော့
မဆိုလိုပါ။ တချို့ တိုင်းရင်းသားပါတီများ၊ တခြားပါတီ
ခေါင်းဆောင်များနဲ့လည်း ပီအာကိစ္စနဲ့ ထိတွေ့ပြီး ဆွေးနွေးခဲ့ဖူးပါတယ်။
အများစုကတော့ မဲပေးခွင့် ရှိသူတွေ အများစုက ကိုယ်စားပြုခွင့် ရရှိရေးထက်
ပါတီအနိုင်ရရေးကိုသာ ဦးစားပေးနေကြတာ တွေ့ရှိရပါတယ်။ ၂၀၁၅ မှာ မိမိတို့
ပါဝင်ယှဉ်ပြိုင်တဲ့ မဲဆန္ဒနယ်မှာ မိမိတို့ပါတီ အနိုင်ရရေး၊ မိမိတို့
ကိုယ်စားလှယ် အနိုင်ရရေးကို ဦးစားပေး လုပ်ဆောင်နေတာ တွေ့ရပါတယ်။ တကယ်တော့
ဒီချုပ် ပီအာ မရှိသလို တိုင်းရင်းသားပီအာ ဆိုတာလည်း မရှိပါဘူး။
စနစ်မကွဲပြားပေမယ့် နားလည်မှု ကွဲပြားခြင်း၊ စိုးရိမ်မှု
လွန်ကဲခြင်းတွေကြောင့် မတူညီတဲ့ သုံးသပ်ချက်တွေ ထွက်နေတာ ဖြစ်ပါတယ်။
နောက်ပြီး လွှတ်တော်က ဖွဲ့စည်းလိုက်တဲ့ ပီအာစနစ် လေ့လာရေး ကော်မရှင်က
လူကြီးတချို့နဲ့လည်း တွေ့ဆုံဆွေးနွေး ခဲ့ဖူးပါတယ်။ ကော်မရှင်က လွှတ်တော်ကို
ဘယ်လို အကြံပြုမလဲ ဆိုတာကိုတော့ စောင့်ကြည့်ဖို့ လိုအပ်သလို ပေးလိုက်တဲ့
အကြံတွေကိုလည်း လေ့လာသုံးသပ်ဖို့ လိုပါတယ်။ ပြီးမှပဲ လုပ်သင့်တာ
ဆက်လုပ်ကြမှာ ဖြစ်တယ်။ မဟုတ်လို့ရှိရင် ကျွန်တော်တို့တစ်တွေ လွှတ်တော်အထက်
ရောက်နေသလို ဖြစ်သွားနိုင်တယ်။
Voice : ဒါဆိုရင် ပီအာစနစ်ကို ကျင့်သုံးရင် ဘယ်သူ့အတွက် အကျိုးအမြတ် အထွက်ဆုံး ဖြစ်မှာလဲလို့ ဆရာယူဆပါသလဲ။
Dr. SNCL : ပီအာစနစ်ကို ကျင့်သုံးနိုင်တဲ့ တစ်နေ့ကျရင် အမျိုးသမီးတွေအတွက်
အကောင်းဆုံး ဖြစ်လာမယ်။ ဥပမာ-ပီအာစနစ် ကျင့်သုံးတဲ့ ဆွီဒင်နိုင်ငံ
လွှတ်တော်မှာ ပီအာစနစ်ကြောင့် အမျိုးသမီး ကိုယ်စားပြုမှု ၄၅
ရာခိုင်နှုန်းကျော် ရရှိခဲ့တယ်။ FPTP စနစ်ကျင့်သုံးတဲ့ အမေရိကန်မှာ FPTP
စနစ်ကြောင့် အမျိုးသမီး လွှတ်တော် ကိုယ်စားလှယ် ၁၂ ရာခိုင်နှုန်းပဲ ရရှိတယ်။
ဒုတိယအနေနဲ့ လူဦးရေနည်းတဲ့ တိုင်းရင်းသားတွေကို ကိုယ်စားပြုမှုနှုန်း
ပိုမြင့်လာမယ်။ ဘာဖြစ်လို့ လဲဆိုတော့ FPTP စနစ်လို မဲပေးသူ ၂၀
ရာခိုင်နှုန်း၊ ၃၀ ရာခိုင်နှုန်းလောက် ကိုယ်စားပြုခွင့် ဆုံးရှုံးခြင်းကနေ
လွတ်မြောက်လာမယ်။ Gender အကြောင်းပြပြီး နေရာတောင်းတာမျိုး၊ လူမျိုးရေး၊
ဘာသာရေး အကြောင်းပြပြီး နေရာတောင်းတာမျိုး ပပျောက်သွားမယ်။ ဒီတော့
အမျိုးသမီးတွေ၊ လူဦးရေနည်းတဲ့ တိုင်းရင်းသားတွေ ပီအာစနစ်ဟာ
ကိုယ်စားပြုမှုမှာ ကယ်တင်ရှင် စနစ်ပါဆိုတာ ပြောလိုပါတယ်။
Voice : ဆရာ့အနေနဲ့ ကျွန်တော် မေးတဲ့အထဲမှာ မပါဘဲ ထပ်ပြီး ဖြည့်စွက် ပြောချင်တာများရှိရင် ပြောပါဦးဗျ။
Dr. SNCL : ပီအာစနစ်ဆိုတာ FPTP ထက် ပိုကောင်းပါတယ်။ ဒါကို ဘယ်သူ ကမှ
ငြင်းလို့ မရပါဘူး။ ဒီမိုကရေစီစနစ်ကို ကျင့်သုံးကြတဲ့ တိုင်းပြည်အများစုက
ကျင့်သုံးနေတာ သက်သေပါ။ အရေးကြီးတာက ပီအာကို ဆန့်ကျင်နေတဲ့ သူတွေက
ဆန့်ကျင်ရတဲ့ အကြောင်းရင်း ပြည်သူကို ချပြနိုင်ရမယ်။ ဗီနိုင်းကိုင်ပြီး
‘ပီအာစနစ် အလိုမရှိ’ ဆိုရုံသက်သက်နဲ့ မရပါဘူး။ ကျွန်တော်တို့တစ်တွေ
ပီအာအကြောင်း မရှင်းမလင်း ဖြစ်နေတဲ့အတွက် ရှင်းလင်း နားလည်တဲ့အထိ
ကြိုးစားလေ့လာ သင်ယူတာက ပိုပြီးသဘာဝကျပါတယ်။
ကျွန်တော်
ပီအာစနစ်နဲ့ ပတ်သက်တဲ့ ဆွေးနွေးပွဲတစ်ခုကို တက်ဖူးပါတယ်။ နောက်ဆုံးမှာ
ပီအာဆန့်ကျင်ရေး ဆောင်ပုဒ်တွေ သီကုံးကြတယ်။ ဆောင်ပုဒ် တစ်ခုကတော့
‘ပီအာကျင့်သုံးသူ တို့ရန်သူ’ တဲ့ဗျာ။ ကျွန်တော်လည်း တော်တော်လန့် သွားတယ်။
ကော်ဖီဘရိတ်မှာ အဲဒီအဆို သွင်းသူ လူကြီးနားကိုကပ်ပြီး ပြောလိုက်ပါတယ်။
“ဆရာကြီး ဆောင်ပုဒ်ကတော့ မိုက်တယ်။ ပီအာကျင့်သုံးတဲ့ နိုင်ငံပေါင်း ၈၀
ကျော်က ပြည်သူတွေကို စစ်ကြေညာလိုက်သလိုပဲ။ ဆရာကြီးတို့ ဒီနေ့ အစည်းအဝေးကို
ထောက်ပံ့ နေတာကလည်း အဲဒီနိုင်ငံထဲက ပြည်သူတွေရဲ့ အခွန်ဘဏ္ဍာထဲက ငွေတွေ
ဖြစ်နေတယ်။ ပြန်ရုပ်သိမ်းလိုက်ပါ” လို့ အသာလေး ပြောလိုက်ပါတယ်။ ဒါမျိုးတွေ
ပြည်ထောင်စု မြန်မာနိုင်ငံမှာ ဖြစ်လေ့ဖြစ်ထ ရှိပါတယ်။
အားလုံးခြုံပြီး အနက်ထုတ်မယ်ဆိုရင် ပီအာစနစ်ဟာ ကောင်းပါတယ်။ မကောင်း တဲ့
အချက်လည်း ရှိပါတယ်။ ဒါပေမဲ့ FPTP စနစ်နဲ့ နှိုင်းယှဉ်လိုက် ရင်တော့ ပီအာက
ပိုပြီးကောင်းပါတယ်။ FPTP စနစ်ပဲ သုံးသုံး၊ ပီအာပဲသုံးသုံး ကျွန်တော့်လို
ပုဒ်မ ၅၉၊ ၂၀၁၊ ၂၀၂ တို့နဲ့ ငြိနေသူတွေ အတွက်တော့ မထူးလှပါဘူး။ ဒါပေမဲ့
ဒီမြေမှာမွေး၊ ဒီရေကိုသောက်၊ ဒီလေကိုရှူ၊ ဒီဆန်ကိုစား ဒီတိုင်းပြည်ကို
အကြွေးဆပ်ချင်လို့ ဘယ်သူ့ မျက်နှာမှမထောက်၊ ဘယ်ပါတီ မျက်နှာကိုလည်း မငဲ့
ပွင့်ပွင့်လင်းလင်း ဆွေးနွေးတာ ဖြစ်ပါတယ်။ ကျေးဇူးတင်ပါတယ်။
http://thevoicemyanmar.com/ မှ ကူးယူဖော်ပြသည်
No comments:
Post a Comment