Tuesday, September 16, 2014

ခိုင်မာသော ပါတီစုံစနစ်ပေါ်ပေါက်ရေး နှင့် ဒီမိုကရေစီ၏ အနာဂါတ်

( The Voice weekly )
ပါတီတွေ များများဖွဲ့စည်းပေါ်ပေါက်လာတိုင်းပါတီစံစနစ်ခိုင်မာပြီလို့
မဆိုနိုင်ပါဘူး။ သာမန်အားဖြင့် ပါတီများရင် ပါတီစုံစနစ်လို့ အလွယ်လေး
ယူဆမိတတ်ပါတယ်။ ပါတီစုံစနစ် ခိုင်ခိုင်မာမာပေါ်ပေါက်ရေးဟာ ထင်သလောက်မလွယ်ကူလှပါဘူး။ပါတီတွေ တစ်ခုထက်မက
ထူထောင်ခွင့်ပြုလိုက်တာနဲ့ သေချာပေါက် ဒီမိုကရေစီဖြစ်ပြီလို့လည်း
လုံးဝ ပြောလို့မရပါဘူး။


ခိုင်မာတဲ့ ပါတီစုံစနစ်ပေါ်ပေါက်ဖို့အတွက်ဆိုတာ အလွယ်ဆုံးအဓိပ္ပါယ်ဖွင့်ဆိုရရင်
ပါတီတစ်ခုထည်းထက်ပိုပြီး အနည်းဆုံး နိုင်ငံရေးပါတီ နှစ်ခု နဲ့ အထက်နိုင်ငံရေးပါတီများ
Institutionalized ဖြစ်ဖို့ကို ဆိုလိုခြင်းဖြစ်ပါတယ်။ အဲသလို ဘက်စုံ ထောင့်စုံ
ခိုင်မာတောင့်တင်းတဲ့ ပါတီများ ပေါ်ပေါက်လာမှ တည်ရှိလာမှသာ အနာဂါတ်မှာ
ဒီမိုကရေစီစနစ် ရေရှည်ထွန်းကားဖို့ အာမခံချက်ရှိနိုင်မယ်ဖြစ်ပါတယ်။
လက်ရှိ ကျွန်တော်တို့နိုင်ငံမှာ Institution အားလုံးကို
ခိုင်မာတောင့်တင်းဖို့ အခုမှစတင်ရုန်းကန်နေကြ ရဆဲ ဖြစ်ပါတယ်။ နိုင်ငံရေးပါတီများဆိုတာကလည်း Institution များဖြစ်ပြီး အဓိက ကျတဲ့ အခန်းကဏ္ဍမှာလည်း
ရှိနေပါတယ်။ လောလောဆယ်မှာ Institutionalized ဖြစ်ဖို့
ဦးတည်လုပ်ဆောင်နေကြတာ တော်တော်ကြီးအားနည်းနေသေးတာတွေ့ရပါတယ်။
ပြည်ခိုင်ဖြိုးပါတီတစ်ခုတည်းသာ တောင့်တင်းခိုင်မာပြီးသား
ကျေထောက်နောက်ခံကြောင့် ပိုမိုတောင့်တင်းခိုင်မာဖို့
ဖိဖိဆီးဆီးလုပ်နိုင်တဲ့ အခြေအနေရှိသလို လုပ်သလောက်လည်း လုပ်နေတာတွေ့ရပါတယ်။
နိုင်ငံရေးပါတီများ Institutionalized ဖြစ်ဖို့ အခြေခံ အကြောင်းတရား ( ၄ ) ချက် လိုအပ်ပါတယ်။

၁။ တည်ငြိမ်ရေး ကို အခြေခံရ ပါတယ်။
Institutionalized ဖြစ်တဲ့ နိုင်ငံရေးစနစ်များမှာ တည်ငြိမ်ရေးကို
တည်ဆောက်ပြီးသားဖြစ်နေတာတွေ့မြင်နိုင်ပါတယ်။
ပါတီများအချင်းချင်း ပြိုင်ဆိုင်မှုဟာ တည်ငြိမ်မှုကို အခြေခံတာကြောင့်
ပုံမှန်ဖြစ်ပေါ်မှု( Regularity ) ရှိနေပါတယ်။
ဆိုလိုတာက ပါတီများ နိုင်ငံရေးအရပြိုင်ဆိုင်တဲ့နေရာမှာ တရားဥပဒေ
စိုးမိုးမှုကို အခြေခံပါတယ်။ နိုင်ငံတော်ဟာလည်း
နိုင်ငံရေးပါတီများကြောင့် ပေါ်ပေါက်လေ့ရှိတဲ့ နိုင်ငံရေးဖြစ်စဉ်များ (
ဥပမာ ရွေးကောက်ပွဲများ) ကြောင့် အလှုပ်အရမ်း သိပ်များများစားစား
မရှိပါဘူး။ Institutionalized မဖြစ်သေးတဲ့ အခြေအနေမျိုးမှာ
နိုင်ငံရေးဖြစ်စဉ်များဟာ တည်ငြိမ်မှုကို အခြေခံထားနိုင်ခြင်းမရှိတာကြောင့်
အလှုပ်အယမ်းတွေ ရှိနေတတ်ပါတယ်။ Institution များတောင့်တင်းလာတဲ့အလျောက်
တည်ငြိမ်မှုဟာလည်း တိုးတက်ဖြစ်တည်လာပြီး
ပါတီစုံစနစ် ခိုင်မာရေးကိုလည်း ကျားကန်ပေးပြီးသားဖြစ်လာပါတယ်။

၂။လူ့အဖွဲ့အစည်းကို အခြေခံရပါတယ်။
Institutionalized ဖြစ်တဲ့ နိုင်ငံရေးပါတီများဟာ လူ့အဖွဲ့အစည်းအတွင်းမှာ
နက်နက်ရှိုင်းရှိုင်း အခြေခံပါတယ်။ အဲသလိုအခြေခံ နိုင်မှလည်း
Institutionalized ဖြစ်ပါတယ်။ ဆိုလိုတာက လူ့အဖွဲ့အစည်းရဲ့
အကျိုးစီးပွားကို ပါတီက ထိထိမိမိ ဆောင်ရွက်နိုင်ဖို့ လိုအပ်ပါတယ်။
လူ့အဖွဲ့အစည်းရဲ့ ယုံကြည်မှုကို ရယူနိုင်မှသာ အဲဒီလူ့အဖွဲ့အစည်းမှာ
နိုင်ငံရေးပါတီများဟာ နက်နက်ရှိုင်းရှိုင်း အခြေခံထားနိုင်မှာဖြစ်ပါတယ်။
ပါတီတစ်ခုခုက လူ့အဖွဲ့အစည်းအတွင် အခိုင်အမာ အခြေခံထားနိုင်ပြီဆိုရင်
မဲဆန္ဒရှင်များရဲ့ တသမတ်ထဲ မဲပေးမှုကို ဖြစ်ပေါ်စေပြီး ဆန္ဒမဲရလဒ်
ပြောင်းလဲမှု ကြီးကြီးမားမား ဖြစ်ပေးဖို့ အလွန်ခဲယဉ်းပါတယ်။ ဥပမာ
အမေရိကကိုကြည့်ရင် ရီပတ်ဘလင်ကန်ပါတီ ကိုပဲ မဲအများစု ပေးတဲ့
ပြည်နယ်တွေရှိ သလို ဒီမိုကရက်ပါတီကိုပဲ မဲအများစုပေးတဲ့ ပြည်နယ်တွေလည်းရှိတာ
တွေ့နိုင်ပါတယ်။ ပါတီတွေက ပြည်နယ်လူထု ( လူ့အဖွဲ့အစည်း )အကျိုးစီးပွား
ကို ကျကျနန ဆောင်ရွက်ပေးနိုင်တဲ့ အပေါ်မူတည်ခြင်းဖြစ်ပါတယ်။
နိုင်ငံရေးပါတီများက လူ့အဖွဲ့အစည်းကို နက်နက်ရှိုင်းရိုင်း
အခြေမခံထားနိုင်ရင် တစ်နည်းအားဖြင့် လူထုအကျိုးကို ထိထိရောက်ရောက်ဆောင်ရွက်နိုင်ခြင်းမရှိရင်
ရွေးကောက်ပွဲတွေမှာ ရလာဒ် အပြောင်းအလဲများမကြာခန ဖြစ်ပေါ်စေတတ်ပါတယ်။
ဒါကြောင့် Institutionalized ဖြစ်ဖို့ Society ကို အခြေခံရမယ်လို့ ဆိုတာဖြစ်ပါတယ်။
NLD အနေနဲ့ နိုင်ငံရေးစနစ် ပြောင်းဖို့ ပထမဦးစားပေးဆောင်ရွက်လိုတာကြောင့် ဖွံ့ဖြိုးတိုးတက်ရေးကို
ဒုတိယဦးစားပေးအဖြစ် သဘောထားခဲ့တဲ့ အချိန် ရှိခဲ့ဖူးပါတယ်။
ရင်းနှီးမြှုပ်နှံမှုများကို နိုင်ငံရေးစနစ်ကောင်းမှ ဝင်လာဖို့
တိုက်တွန်းခဲ့ဖူးတာရှိပါတယ်။ အခုတော့ ဖွံ့ဖြိုးတိုးတက်ရေးကိုလည်းလုပ်ဖို့လိုကြောင်း၊
ရင်းနှီးမြှုပ်နှံမှုများလည်း လိုအပ်ကြောင်း ပြောဆိုလာပြီးဖြစ်တာမို့ ပြောစရာ သိပ်မရှိပါဘူး။ အရင်က
အခြေအနေမျိုးဟာ ( ဖွံ့ဖြိုးတိုးတက်ရေး ဒုတိယ ဦးစားပေးသဘောထားမျိုးဟာ )
ပါတီအနေနဲ့ Institutionalized ဖြစ်ဖို့ အတွက် လူ့အဖွဲ့အစည်း မှာ
အခြေခံဖို့လိုတယ်ဆိုတဲ့ သဘောတရားနဲ့ ဆန့်ကျင်နေခဲ့တာဖြစ်ပါတယ်။
ပြည်ခိုင်ဖြိုးပါတီက လောလောဆယ် ပြည်သူ့ပါတီဖြစ်ရေး၊
ဒေသဖွံ့ဖြိုးရေးစသည်ဖြင့် အာရုံစိုက်ဆောင်ရွက်နေမှုဟာ ပါတီ
Institutionalized ဖြစ်ရေး ဆောင်ရွက်နေမှုများ
ဖြစ်ပါတယ်။ ထိထိရောက်ရောက် လုပ်ကိုင်နိုင်မယ်ဆိုရင် လူထုအကျိုးစီးပွားကို
အမှန်တစ်ကယ် စေတနာပါပါ ဆောင်ရွက်ပေးနိုင်မယ်ဆိုရင် Institutionalized ဖြစ်ဖို့
သေချာပေါက် အထောက်အပံ့ဖြစ်လာမယ်ဖြစ်ပါတယ်။ အခြားသော နိုင်ငံရေးပါတီများအနေနဲ့လည်း ဒီသဘောတရားကို အလေးအနက်ထားသင့်တယ်လို့ ယူဆပါတယ်။

၃။ ပါတီများရဲ့ တရားဝင်မှု ခိုင်မာရပါတယ်။
တရားဝင်မှုဆိုတာ ဒီနေရာမှာ Legitimacy ကို ဆိုလိုခြင်းဖြစ်ပါတယ်။
ဥပဒေကြောင်းအရ တရားဝင်မှုရော ၊ သြဇာအရှိန်အဝါအရ တရားဝင်မှုပါ
ရှိဖို့လိုအပ်ပါတယ်။ ဆိုလိုတာက အာဏာရပါတီမို့ တရားဝင်ခြင်းမျိုးလည်း ဖြစ်ဖို့လိုသလို
အများပြည်သူရဲ့ ယုံကြည်ကိုးစားမှု ကြောင့်လည်းတရားဝင်ဖို့လိုအပ်ပါတယ်။
Legitimacy ရှိတဲ့ပါတီများပေါ်ပေါက်လာမှသာ Institutionalized ဖြစ်ပြီး ခိုင်မာတဲ့
ပါတီစုံစနစ်ပေါ်ပေါက်လာနိုင်မယ်ဖြစ်ပါတယ်။

၎။ နိုင်ငံရေးပါတီများဟာ အနည်းငယ်သော ပါတီခေါင်းဆောင်များ သို့မဟုတ်
အစုအဖွဲ့များရဲ့ အကျိုးစီးပွားအတွက်သက်သက်မဖြစ်ရပါဘူး။
နိုင်ငံရေးပါတီများဟာ လွတ်လပ်မှုနဲ့ တန်ဖိုးများ( Values )
ပိုင်ဆိုင်ရပါမယ်။ နိုင်ငံရေးပါတီဟာ ပါတီခေါင်းဆောင်တစ်ယောက် ဒါမှမဟုတ်
အစုအဖွဲ့တစ်ခုအတွက် ကိုယ်ပိုင်ပစ္စည်းကိရိယာ ( Personal Instrument ) လုံးဝမဖြစ်ရပါဘူး။
ဒီလိုဖြစ်နေတဲ့ပါတီတိုင်းဟာ Institutionalized ဖြစ်ဖို့မလွယ်ဘူးလို့
ဆိုပါတယ်။ ပါတီ အနည်းဆုံး နှစ်ခုက အထက်ပါ အချက် ( ၄ ) ချက်အတိုင်း ကိုက်ညီအောင်
ဆောင်ရွက်နိုင်လို့ Institutionalized ဖြစ်လာမှသာ ခိုင်မာတဲ့
ပါတီစုံစနစ်ပေါ်ပေါက်လာမှာ ဖြစ်ပါတယ်။ ပါတီအချင်းချင်း စနစ်ကျသောဆက်ဆံရေးများ ( Interaction in
patterned ways ) လည်းရှိဖို့ လိုအပ်ပါတယ်။ လွှတ်တော်တွင်းဆက်ဆံရေးနဲ့
အခြားနိုင်ငံရေးဆိုင်ရာ ထိတွေ့ဆက်ဆံမှုများစနစ်တကျရှိဖို့ လိုအပ်တယ်လို့ ဆိုလိုခြင်းဖြစ်ပါတယ်။
အဲဒီလို အနည်းဆုံးပါတီ နှစ်ခုလောက်က Institutionalized ဖြစ်လာမှသာ
ရွေးကောက်ပွဲရလာဒ်များဟာ ကြီးကြီးမားမား ( ပုံမှန် ) အပြောင်းအလဲဖြစ်နေနိုင်ပြီး
ဒီမိုကရေစီလည်းပီပြင်နိုင်မယ်လို့ဆိုပါတယ်။ နိုင်ငံရေးပါတီများ
Institutionalized ဖြစ်မှသာ ပါတီစုံစနစ်ဟာလည်း ကောင်းမွန်စွာ
Institutionalized ဖြစ်နိုင်မယ်ဖြစ်ပါတယ်။ ဒီမိုကရေစီစနစ်ကလည်း Institutionalized
ဖြစ်နိုင်ပြီး ရေရှည်ခိုင်မာဖွံ့ဖြိုးတိုးတက်နေနိုင်မယ်လို့ဆိုပါတယ်။
ဒီတော့ နိုင်ငံရေးပါတီများအနေနဲ့ Institutionalized ဖြစ်ရေးကို
တခြားလုပ်ငန်းတွေနဲ့အတူ အရေးတကြီး လုပ်ကိုင်ကြဖို့ဖြစ်ပါတယ်။
တစ်ကယ်လို့များ နိုင်ငံရေးပါတီများက ဒီကိစ္စကို ပေါ့ပေါ့သဘောထားလို့ ဒါမှမဟုတ်
ဦးစားပေးအလုပ်အဖြစ် လုပ်ကိုင်လိုခြင်းမရှိလို့ ကြန့်ကြာနေမယ်ဆိုရင်
နောက်ပြီး ဒီလိုအခြေအနေမျိုးမှာ ပါတီတစ်ခုတည်းကသာ ဒီကိစ္စကို အရေးတကြီး
ဦးစားပေးသဘောထားဆောင်ရွက်လို့ တစ်ပါတီထဲက ချွန်ပြီး
Institutionalized ဖြစ်သွားခဲ့ရင် နိုင်ငံတော်အတွက်၊ လူထုအတွက် ၊
ဒီမိုကရေစီထွန်းကားရေးအတွက် အလွန်အမင်းအန္တရာယ်ရှိပါတယ်။
အကြောင်းကတော့ တစ်ပါတီထဲက ခိုင်မာတဲ့ Institution ဖြစ်သွားပြီး
ကျန်တဲ့ပါတီတွေက ချည့်နဲ့နေမယ်ဆိုရင် ဒီမိုကရေစီဟာသေချာပေါက်
ပျက်စီးဆုံးရှုံးမှာဖြစ်သလို အာဏာရှင်ဆန်တဲ့ အုပ်ချုပ်ရေးစနစ်အသစ်တစ်မျိုး
( Authoritarian System ) ပြန်လည်ပေါက်လာဖို့ သေချာသလောက်ရှိတာကြောင့်
ဖြစ်ပါတယ်။ ။

( ပိုက်တင် )

No comments:

Post a Comment