တတိယလှိုင်း ပြုပြင်ပြောင်းလဲခြင်းရဲ့ အခြေခံကျတဲ့ အစိတ်အပိုင်းတွေကတော့ အစိုးရဌာနများ အချင်းချင်း ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်မှုများ တိုးတက်ကောင်းမွန်လာရေး၊ ဝန်ထမ်းများ အရည်အသွေး မြင့်မားရေး၊ Mindset လို့ ပြောနေကြတဲ့ စိတ်အမူအကျင့်များ ပြုပြင်ရေး၊ ဝန်ထမ်းများ စိတ်ဓာတ်၊ စည်းကမ်း၊ စွမ်းဆောင်ရည် မြင့်မားရေး၊ ကဏ္ဍတချို့ (ဥပမာ- ခရီးသွားလုပ်ငန်း) ကို ဦးစားပေးပြီး အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ရေးနဲ့ အထူးသဖြင့် ကောင်းမွန်သော အုပ်ချုပ်ရေးစနစ်နဲ့ သန့်ရှင်းသောအစိုးရ ဖြစ်ပေါ်လာရေးတို့ ဖြစ်ပါတယ်။ ဒါဟာ နိုင်ငံတော်အဆင့် မဟာဗျူဟာများ ဖြစ်ပါတယ်။
တစ်နှစ်ကျော် ကာလအတွင်း ဒီပြုပြင်ပြောင်းလဲရေး တတိယအဆင့်ကို အကောင်အထည်ဖော်လို့ အောင်မြင်နိုင်ပါ့မလားလို့ သံသယ ဝင်နေသူများလည်း များစွာ ရှိပါတယ်။ တကယ်တော့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ် အောင်မြင်ဖို့ရာအတွက် ဝန်ထမ်းမဟုတ်တဲ့ လူထုမှာလည်း များစွာ တာဝန်ရှိတယ်ဆိုတာ သတိပေးချင်ပါတယ်။ လူထုရဲ့ ပူးပေါင်း ပါဝင်ဆောင်ရွက်မှု မပါဘဲ တတိယလှိုင်း ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ် အောင်မြင်ဖို့ လုံးဝမရှိပါဘူး။ အစိုးရဆိုတာ လူထုက တာဝန်ပေးထားတဲ့ အဖွဲ့အစည်းသာလျှင် ဖြစ်ပါတယ်။ လူထုက နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာကို သေသေချာချာ ပိုင်ဆိုင်တယ်ဆိုတာ အလေးဂရုပြုကြဖို့ လိုပါတယ်။ ပြုပြင်ပြောင်းလဲရေး တတိယလှိုင်း အောင်မြင်ရင် စီးပွားရေးကို တိုက်ရိုက်အကျိုးပြုမှာ ဖြစ်လို့ လူထုက အပြောင်းအလဲရဲ့ အသီးအပွင့်ကို ခံစားရမှာ ဖြစ်သလို လူထုကလည်း လူထုတာဝန်ကို သိရှိနားလည်ဖို့ တတ်စွမ်းသလောက် ကျေပွန်အောင် ဆောင်ရွက်ကြဖို့ ဖြစ်ပါတယ်။
တတိယလှိုင်း ပြုပြင်ပြောင်းလဲရေးဟာ အစိုးရကချည်း ဆောင်ရွက်နေလို့ ဘယ်လိုမှ သိသိသာသာ အောင်မြင်ဖို့ မရှိပါဘူး။ လူထုရဲ့ အင်တိုက်အားတိုက် ပူးပေါင်းပါဝင်မှု လိုအပ်ပါတယ်ဆိုတာ ထပ်ပြောပါရစေ။ လူထုက ဒီလုပ်ငန်းမှာ ပူးပေါင်း ပါဝင်ဆောင်ရွက်ဖို့ဆိုရင် ၁။ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ကျကျနန လေ့လာဖို့ လိုအပ်ပါမယ်။ ၂။ တတိယလှိုင်း ပြုပြင်ပြောင်းလဲရေး လုပ်ငန်းမှာ ဝန်ထမ်းများကို ယှဉ်ပြိုင် ကြိုးစားခြင်းဖြင့် ရာထူးအဆင့် တိုးမြှင့်ခြင်းနဲ့ အရေးယူသင့်သူကို အရေးယူခြင်း ဆိုပြီး တိတိကျကျ ပါရှိပါတယ်။ ဝန်ထမ်းများ အလုပ်ခွင်မှာ ကြိုးစားယှဉ်ပြိုင်ကြဖို့ကတော့ ဝန်ထမ်းများရဲ့ ကိစ္စသာ ဖြစ်ပေမယ့် အရေးယူသင့်သူတွေကို အရေးယူ အပြစ်ပေးနိုင်ဖို့ အတွက်ကတော့ လူထုက ပူးပေါင်း ပါဝင် ဆောင်ရွက်နိုင်တဲ့ကိစ္စ ဖြစ်ပါတယ်။
အခြေခံဥပဒေကို မသိကျိုးကျွန် ပြုနေကြမယ့်အစား၊ ဆန့်ကျင် ပြောဆိုနေကြမယ့်အစား လူထုအနေနဲ့ ထိထိမိမိ သိရှိနားလည်လာတဲ့အထိ ကြိုးစားလေ့လာသင့်ပါတယ်။ နိုင်ငံရေးရော စီးပွားရေးပါ သေချာပေါက် တိုးတက်ကောင်းမွန်လာဖို့ ဒီအချက်က အလွန်ပဲ အရေးကြီးပါတယ်။ အခြေခံဥပဒေမှာ လူထုရဲ့ အခွင့်အရေးများနဲ့ လုပ်ပိုင်ခွင့်များ ပါဝင်ပါတယ်။ အခြေခံဥပဒေနဲ့အညီ နိုင်ငံသားတို့က လုပ်ကိုင်ဆောင်ရွက်တဲ့ ဘယ်ကိစ္စမဆို တရားဝင်ပါတယ်။ ဘယ်သူကမှ နှောင့်ယှက်လို့ တားဆီးလို့ အရေးယူလို့ မရပါဘူး။ လူထုဆိုတာ မိမိတို့ အခွင့်အရေးများအတွက် မိမိတို့ ကိုယ်တိုင်ကိုယ်ကျ ဆောင်ရွက်ရမယ့် အပိုင်းတွေ ရှိပါတယ်။ သိအောင်ကြိုးစားပြီး ပိုင်ပိုင်နိုင်နိုင် ဆောင်ရွက်နိုင်ကြရင် အကျိုးများမှာ ဖြစ်ပါတယ်။ အခြေခံဥပဒေကို ဆန်ကျင်နေကြခြင်းဟာ တကယ်တော့ လက်တွေ့တော်တော်မကျတဲ့ ကိစ္စပါ။ ဘယ်သူကမှလည်း လက်ရှိ အခြေခံဥပဒေကို ကြိုက်နှစ်သက်လှတာ မဟုတ်ပါဘူး။ ဒါပေမဲ့ လက်ရှိ အခြေခံဥပဒေဟာ တိုင်းပြည် နိုင်ငံရေးလမ်းကြောင်း တစ်ခုပေါ်မှာ တည်တည်ငြိမ်ငြိမ် ရှိနေဖို့ အာမခံချက် ပေးထားတယ်ဆိုတာ လေ့လာလိုက်ရင် တွေ့နိုင်မြင်နိုင်ပါလိမ့်မယ်။ စင်းလုံးချော အခြေခံဥပဒေတစ်ခု ရလာဖို့ကတော့ လူထုနဲ့ နိုင်ငံရေးသမားများရဲ့ ပါးနပ်လိမ္မာမှုနဲ့ တပ်မတော်နဲ့ လူထုကြား ယုံကြည်မှု တည်ဆောက်နိုင်မှုတို့အပေါ် မူတည်နေပါတယ်။ လက်ရှိအခြေခံဥပဒေဟာ တပ်မတော်အနေနဲ့ လက်ရှိ နိုင်ငံရေးလမ်းကြောင်းကို ကာကွယ်စောင့်ရှောက် ပေးရမယ်၊ တဖြည်းဖြည်းချင်း ဒီမိုကရေစီ ပေါ်ပေါက်လာတဲ့အထိ တည်ဆောက်ရမယ်ဆိုတာ အာမခံချက် ပေးထားပါတယ်။ လက်ရှိ အခြေခံဥပဒေနဲ့ လက်ရှိ ဒီမိုကရေစီ တည်ဆောက်ရေး လမ်းကြောင်းကနေ ယိမ်းယိုင်မသွားဖို့ တပ်မတော်က အခြေခံဥပဒေအရ တာဝန်ယူထားရတာ ဖြစ်ပါတယ်။
ပြောချင်တာက လူထုအနေနဲ့ အခြေခံဥပဒေက ပေးအပ်ထားတဲ့ တာဝန်တွေကို သိရှိနားလည်ပြီး နိုင်ငံတည်ဆောက်ရေး လုပ်ငန်းမှာ တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်ကြရင် လူထုရဲ့ အခွင့်အရေးတွေဟာ တဖြည်းဖြည်း တိုးတက်ရရှိလာမှာ သေချာပေါက် ဖြစ်တယ်လို့ ပြောချင်တာပါ။ အခြေခံဥပဒေအရ ဆောင်ရွက်နေသမျှ နိုင်ငံသားများကို ဘယ်သူကမှ ထိလို့တို့လို့ မရပါဘူး။ သက်ဆိုင်ရာ အာဏာပိုင်တို့က အဲသလို ပါဝင်ဆောင်ရွက်တဲ့ ဘယ်နိုင်ငံသားကိုမဆို အခြေခံဥပဒေအရ ကာကွယ်စောင့်ရှောက်ပေးဖို့ တာဝန်ရှိပါတယ်။ အဲသလို ကာကွယ်စောင့်ရှောက်ပေးဖို့ ပျက်ကွက်ရင် ပျက်ကွက်သူဟာ အခြေခံဥပဒေကို ချိုးဖောက်သူ ဖြစ်ပါတယ်။
တတိယလှိုင်း ပြုပြင်ပြောင်းလဲရေးရဲ့ အဓိကအပိုင်းကတော့ ကောင်းမွန်သော အုပ်ချုပ်ရေးနဲ့ သန့်ရှင်းသောအစိုးရ ပေါ်ပေါက်ရေး အစိုးရယန္တရားကို ထိထိရောက်ရောက် ပြုပြင်ပြောင်းလဲဖို့ ဖြစ်ပါတယ်။ ဒီလုပ်ငန်းကြီးကို လူထုအနေနဲ့ အခြေခံဥပဒေနဲ့အညီ ထိထိရောက်ရောက် ပါဝင် ကြိုးပမ်းဆောင်ရွက်လို့ ရပါတယ်။ အစိုးရယန္တရား အတွင်းရှိ အမှုထမ်း အရာထမ်းများက စွမ်းဆောင်ရည် ပြည့်ဝဖို့နဲ့ စိတ်ဓာတ်တွေ ပြုပြင်ပြောင်းလဲဖို့ လုံးဝ တာဝန်ရှိပါတယ်။ အဲဒီလို ပြောင်းလဲဖို့ ပျက်ကွက်မယ်ဆိုရင် နိုင်ငံတည်ဆောက်ရေးကို ဟန့်တား နှောင့်ယှက်တာပဲ ဖြစ်ပါတယ်။ လူထုအနေနဲ့ တိကျခိုင်မာတဲ့ အထောက်အထားများကို ရယူစုဆောင်းနိုင်ရင် အကျင့်ပျက် ခြစားမှုများကို အရေးယူနိုင်ရေးအတွက် သမ္မတရုံးအထိ တိုက်ရိုက်တိုင်ကြားခွင့် ရှိပါတယ်။ ဥပမာ- အနည်းဆုံး ကိုယ့်ဆီက လာဘ်ငွေတောင်းတာမျိုးကို ထိထိရောက်ရောက် တိုင်ကြားနိုင်ပါတယ်။ အထောက်အထား ခိုင်လုံရင် ဘယ်လိုမှ အရေးယူလို့ မရသလို အကျင့်ပျက်တဲ့ ဝန်ထမ်းကို သေချာပေါက် အရေးယူရမှာ ဖြစ်ပါတယ်။
ဒီမိုကရေစီ နိုင်ငံသားတွေ ဖြစ်ဖို့ ဒီမိုကရေစီကျင့်စဉ်များကို ကိုယ်တိုင်ကိုယ်ကျ လေ့ကျင့်ပျိုးထောင်ဖို့ လူထုဟာ သိသိသာသာကြီး အားနည်းနေသေးတာ တွေ့ရပါတယ်။ အချိန်တန်လို့ ရွေးကောက်ပွဲ လုပ်ရင် မဲရုံသွား မဲပေးလိုက်တာနဲ့ လူထုတာဝန်ကျေပြီလို့ မဆိုနိုင်ပါဘူး။ နိုင်ငံရေးသမားတွေ လုပ်ချင်ရာ လုပ်တာကို ခံရဖို့ပဲ ရှိပါတယ်။ လူထုအနေနဲ့ နိုင်ငံရေး နိုးကြားဖို့ အများကြီး လိုပါသေးတယ်။ တစ်စုံတစ်ယောက်က အခွင့်အရေးတွေ လာပေးတဲ့အထိ စောင့်ဆိုင်းနေတဲ့ စနစ်က ဒီမိုကရေစီစနစ် မဟုတ်ပါဘူး။ အစိုးရများ ဆိုတာက အခြေအနေကောင်းများကို ဖန်တီးပေးရုံသာ ဖြစ်ပြီး အခွင့်အရေးများအတွက် လူထုက ရုန်းကန်ဖို့ လိုအပ်ပါတယ်။ ဒီမိုကရေစီ ဖြစ်ထွန်းဖို့ လူထုက အခုထက် အများကြီး ပိုပြီးအားစိုက်ဖို့ လိုပါမယ်။ လူထုက ဖိအားပေးတယ်ဆိုတာ လမ်းပေါ်ထွက်မှ မဟုတ်ပါဘူး။ ဥပဒေဘောင်ထဲကနေ ထိထိရောက်ရောက် လုပ်တတ်ကိုင်တတ်တဲ့ ဓလေ့ကို ပျိုးထောင်ကြပါ။ တရားဝင် နည်းလမ်းများနဲ့ မပြောင်းဘဲနေလို့ မရအောင် ဆောင်ရွက်နိုင်တဲ့ စွမ်းအား လူထုမှာ အပြည့်အဝ ရှိနေပါပြီ။
မတော်မတရား လုပ်နေကိုင်နေတာ တွေ့ရင် မသိကျိုးကျွန် လုပ်နေခြင်းက ဆင်းရဲတွင်း ကြာကြာနက်ဖို့ တစ်တပ်တစ်အား ဝိုင်းဝန်းပြီး အခြေအနေကို ဖန်တီးပေးတာနဲ့ တူပါတယ်။ တတ်စွမ်းတဲ့ဘက်က ပူးပေါင်း ပါဝင်ဆောင်ရွက်တဲ့သူတွေ များလာမှ ဝန်ထမ်းတွေကလည်း သူတို့ဘာသာ ထိန်းထိန်းသိမ်းသိမ်း ရှိလာမှာ ဖြစ်ပါတယ်။ လူထုကလည်း လိုက်နာရမယ့် စည်းကမ်းတွေကို တတ်နိုင်သလောက် ကြိုးစားလိုက်နာတဲ့ ဓလေ့ မွေးမြူကြဖို့ အချိန်ကျနေပါပြီ။ ကိုယ့်အသိစိတ်ဓာတ်နဲ့ကိုယ် စည်းကမ်းတွေ လိုက်နာတတ်တဲ့ လူထုများသာလျှင် ဒီမိုကရေစီ လူ့ဘောင်မှာ နေထိုင်ခွင့်ရဖို့ မျှော်လင့်နိုင်မှာ ဖြစ်ပါတယ်။ ဝန်ထမ်းများလည်း ပြည်သူဖြစ်လို့ ဝန်ထမ်းများ အပါအဝင် လူထုတစ်ရပ်လုံးက တတိယလှိုင်း ပြုပြင်ပြောင်းလဲရေး လုပ်ငန်းကြီး အောင်မြင်အောင် တတ်စွမ်းသမျှ ဝိုင်းဝန်းကြိုးပမ်းကြမယ်ဆိုရင်
ဒီမိုကရေစီဆိုတာ နိုင်ငံသားအားလုံးက ဝိုင်းဝန်းတည်ဆောက်ယူမှ ရနိုင်မှာ ဖြစ်ပါတယ်။ အစိုးရတွေ ဘယ်လောက်ပြောင်းပြောင်း လူထုက ဝင်မတွန်းရင်၊ လူထုက ဥပဒေနဲ့အညီ ထမ်းဆောင်ရမယ့် တာဝန်တွေကို ပျက်ကွက်နေရင် ဒီမိုကရေစီ ဝေးနေဦးမှာ ဖြစ်ပါတယ်။ ဘယ်အစိုးရမျိုးကမှ တကယ်တမ်း တိုင်းပြည်တိုးတက်အောင် အစိုးရချည်း သက်သက် ဆောင်ရွက်ပေးလို့ မရနိုင်ပါဘူး။ လူထုရဲ့ ပူးပေါင်း ပါဝင်မှုအားဖြင့်သာ တိုးတက်မှုတွေကို ရရှိနိုင်ပါလိမ့်မယ်။ လူထုက အဲဒီလို တက်တက်ကြွကြွ ပါဝင်ရဲလာအောင် လမ်းဖွင့်ပေးဖို့က အစိုးရများရဲ့ တာဝန်ပါ။
တတိယလှိုင်းဟာ အစိုးရအတွက် ဆိုတာထက် လူထုအတွက် ပိုအရေးကြီးတဲ့ အပြောင်းအလဲ ဖြစ်ပါတယ်။ တတိယလှိုင်း ပြုပြင်ပြောင်းလဲရေး မအောင်မြင်ဘဲ ၂၀၁၅ မှာ ဘယ်ပါတီ အစိုးရဖွဲ့သည် ဖြစ်စေ တိုင်းပြည်သိသိသာသာ တိုးတက်ကောင်းမွန်ဖို့ မသေချာသေးပါဘူး။ ဒါကြောင့် လူထုအနေနဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများ အကောင်အထည် ဖော်နေတဲ့ ကာလမှာ မသိကျိုးကျွန် လုပ်နေတာတို့၊ တစ်စုံတစ်ရာကို စိုးရွံ့ထိတ်လန့်နေတာတို့ကို ရပ်တန်းကရပ်ပြီး ဥပဒေက ပြဋ္ဌာန်းပေးအပ်ထားတဲ့ တာဝန်နဲ့ လုပ်ပိုင်ခွင့်များကို ကောင်းကောင်း အသုံးချနိုင်ကြဖို့၊ ပြုပြင်ပြောင်းလဲရေးကို ကိုယ်တိုင်ကိုယ်ကျ ပါဝင်လုပ်ဆောင်ကြဖို့၊ ကိုယ့်ကြမ္မာကိုယ် ရဲရဲဖန်တီးနိုင်ကြဖို့ တိုက်တွန်း နှိုးဆော်လိုက်ရပါတယ်။
ပိုက်တင်
No comments:
Post a Comment